ပြည်ထောင်စုထဲက ''ပအိုဝ်း''

Best view in Microsoft Internet Explorer (IE) and Windows Media Player plug-in is in uses:

ဓလေ့ထုံးစံများ

ဆွေမျိုးတော်စပ်ခြင်း

ပအိုဝ်းလူမျိုးတွင် မိန်းမ၏ မောင်နှင့်အစ်ကိုအား ‘မက်’ ဟုခေါ်၍ ညီမ၏ယောကျာင်္းကိုလည်း ‘မက်’ ဟုပင်ခေါ်သည်။ ညီအစ်မ နှစ်ယောက်၏ ယောက်ျားကို ‘ဖာတန်’ ဟုခေါ်ပြီး၊ ညီမ၏ လင်ယောက်ျားကို ‘ဖာနင်’ ဟုခေါ်သည်။ အဖေ၏ ညီကို ‘ဖာနင်’၊ အမေ၏ အစ်ကို ကို  ‘ဖာတန်’ ဟုခေါ်သည်။ အမေ၏မောင်ကို ‘ဖူ’ ဟုခေါ်သည်။ အဖေ၏ ညီမနှင့် အစ်မကိုလည်း ‘ဖူ’ ဟုခေါ်သည်။ အမေ၏ ညီမကို ‘မွိုးတန်’၊ အမေ၏ အမေကို ‘မွိုးဖြား’၊ ဇနီးသည်၏ ညီမကို ‘မွိုးနင်’၊ ဇနီးသည်၏ အစ်မကို ‘မွိုးတန်’ ဟုခေါ်သည်။

အမွေဆက်ခံခြင်း

မိဘနှစ်ပါးကွယ်လွန်သော် ကျန်ရှိပစ္စည်းများကို သားသမီးများအား ကျားမ ကြီးငယ်မခွဲခြားဘဲ ခွဲဝေယူကြသည်။ မိဘနှင့် နောက်ဆုံးအတူနေသူက အမွေကို ပိုရထိုက်သည်ဟု ယူဆကြသည်။ သားသမီးမြေးမြစ်မရှိမှသာ အနီးဆုံးဆွေမျိုးက ဆက်ခံနိုင်သည်။ မိဘ၏ နေအိမ်နှင့် မြေကွက်ကို အငယ်ဆုံးသားသမီးများအား ပေးလေ့ရှိသည်။ အမွေစား အမွေခံ မရှိဘဲ သေဆုံးသွားကြလျှင် ၄င်းတို့၏ ပစ္စည်းများကို ဘုန်းတော်ကြီးကျောင်းသို့ ပေးပို့ လှူဒါန်းလေ့ရှိသည်။

ကင်ပွန်းတပ်ခြင်း

ပအိုဝ်းကလေးများကို မွေးပြီး တစ်နှစ်အတွင်းတွင် အမည်ပေး ကင်ပွန်းတပ်ပွဲများ ပြုလုပ် လေ့ရှိကြသည်။ အမည်များကို ဘုန်းတော်ကြီးများက လည်းကောင်း၊ ဗေဒင်ပညာရှိများက လည်းကောင်း၊ ဘိုးဘွားမိဘများက လည်းကောင်း နေ့နံအလိုက်ပေးလေ့ ရှိကြသည်။ သက်ကြီး ရွယ်အို မိတ်သင်္ဂဟများအား ဖိတ်ကြားကျွေးမွေးပြီး ချည်မျှင်စွပ် ဆုတောင်း ပေးတတ်ကြသည်။ ငွေကြေးများဖြင့် လက်ဖွဲ့လေ့ရှိကြသည်။

ပညာသင်ခြင်း

ပဒေသရာဇ်ခေတ်တွင် (၁၀) နှစ်အရွယ် ကလေးများအား ဘုန်းတော်ကြီးကျောင်းသို့ပို့၍ ပအိုဝ်းစာနှင့် လောကုတ္တရာစာပေများကို သင်ကြားစေကြသည်။ မိန်းကလေးများမှာမူ စာသင်ခွင့်မရှိခဲ့ကြပါ။ ဖဆပလခေတ်တွင် ကိုယ်ထူကိုယ်ထ မူလတန်းကျောင်းများ ဖွင့်လှစ်၍ လောကီပညာရပ်များကို စတင်သင်ကြားလာကြသည်။ တော်လှန်ရေးကောင်စီခေတ်၊ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် နှင့် ယခု နိုင်ငံတော် အစိုးရခေတ် လက်ထက်တွင် ပအိုဝ်းဒေသ အတွက် မူလတန်းကျောင်းများ၊ အလယ်တန်းကျောင်းများနှင့် အထက်တန်းကျောင်းများကို လိုအပ်သလို ဖွင့်လှစ်ပေးခဲ့၍ ပအိုဝ်းကလေးများ ပညာရေးကို ကောင်းမွန်စွာ သင်ကြားခွင့် ရနေကြပြီဖြစ်သည်။ တက္ကသိုလ်၊ ကောလိပ်များသို့ ပအိုဝ်းကျောင်းသူ ကျောင်းသားများ ထောင်နှင့် ချီပြီး ပညာသင်ကြားနေသကဲ့သို့ ပအိုဝ်းခေတ်ပညာတတ် ဘွဲ့ရများလည်း အတော်အတန်ရှိလာ ခဲ့ပါပြီ။

ရှင်ပြုပွဲ အခမ်းအနား

ပအိုဝ်းမိဘတိုင်းသည် မိမိတို့၏ ရင်နှစ်သည်းချာ သားလှရတနာများအား ရှင်ပြုပေးနိုင်ကြရန် အနှစ်နှစ် အလလ ကြိုးစား၍ အလုပ်လုပ်ကာ ငွေကြေးစုဆောင်းကြသည်။ နှစ်စဉ် လယ်ယာလုပ်ငန်းခွင်ပြီးဆုံး၍ အားလပ်သောအချိန်များတွင် ကျေးရွာများမှ စုပေါင်း၍ ရဟန်း သာမဏေ အပါး (၅၀) မှ (၃၀၀) အထိ ရှင်ပြုပွဲ အခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်။ မိမိတို့ လှူဒါန်းခဲ့ကြသော ကျောင်း၊ သိမ်၊ ဇရပ်၊ ရေတွင်း၊ ရေကန် အစရှိသော အလှူဒါနများအတွက်ပါ တပါတည်း ရေစက်သွန်းချ ကုသိုလ်အမျှပေးဝေကြသည်။ ရပ်နီး ရပ်ဝေး မိတ်ဆွေ သင်္ဂဟ အပေါင်း အသင်းများအား ဖိတ်ကြားကာ သုံးရက် သုံးည တိုင်တိုင် ဧည့်ခံကျွေးမွေးကြသည်။ နှစ်စဉ် တပေါင်းလ၊ တန်ခူးလများတွင် ပအိုဝ်းတိုင်းရင်းသားများ၏ စုပေါင်းရှင်ပြုပွဲ အခမ်းအနားများကို ပအိုဝ်းဒေသ နေရာ အနှံ့အပြားတွေ့ရှိရပေသည်။

Data Entry အတွက် အစ်မ – Nang SawSanDarShwe (NTU-Singapore) အား အထူးကျေးဇူးတင်ရှိပါတယ်။

» Facebook မှာ Share ရန်နှိပ်ပါ »

Posted in သမိုင်းထဲက ပအိုဝ်းများ.

Add a comment

No Replies

Feel free to leave a reply using the form below!


Leave a Reply

Spam protection by WP Captcha-Free