Get Adobe Flash player

ပအိုဝ်းအမျိုးသားအလံတော်

Download

(၉) နက်တော;လာ ခေါ် နတ်တော်လတွင် ပွဲတော် အထူးကျင်းပလေ့ မရှိပေ။ တစ်နှစ်စာ ထင်းဖူလုံရေးအတွက် တောသို့အစုအဖွဲ့အလိုက်ဝင်ကာ သစ်ကြီးဝါးကြီးများကို လှဲခုတ်ခြင်း၊ ပိုင်းဖြတ်ခြင်းကိစ္စများနှင့် တောသူတောင်သားတို့ ဘာသာဘာဝ မအားလပ်နိုင်အောင် လုပ်ကိုင်နေကြရသည် ဖြစ်သောကြောင့်တည်း။

(၁၀) ပြာသိုဝ်လာ/ပြာ;သို;လာ ခေါ် ပြာသိုလမှာ နက်တော;လာတွင် လှဲဖြတ်ခုတ်ပိုင်းထားသော သစ်ကြီးဝါးကြီးများကို ထင်းအဖြစ်ခွဲခြမ်းစိတ်ဖြာပြီး နေပြလှမ်းဖြန့်ထားသည့် အလုပ်များဖြင့် အချိန်ကုန်လေ့ ရှိကြပါသည်။ “ပွယ်,ပေါင်” ခေါ် ရဟန်းသံဃာတော်များ အပြစ်ကြီးများကို ဆေးကြောခြင်း သံဃဒိသိတ်၊ ပရိဝတ်ဆောက်တည်ပွဲကိုလည်း ဤလတွင် ကျင်းပလေ့ရှိပါသည်။ တောင်ကြီးမြို့နယ် စလဲကျေးရွာအုပ်စု (တရဲုင်) တွင် ပွယ်,ပေါင် ကိုကျင်းပလာခဲ့သည်မှာ နှစ်ပေါင်း တစ်ရာကျော်ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။ ဂျပန်ခေတ်ပျက် ကာလမှာပင် မပျက်ကွက်ခဲ့ပေ။ မြန်မာနိုင်ငံဒေသအနှံ့အပြား ကျင်းပလေ့ရှိသော်လည်း သုံးနှစ်တစ်ကြိမ်ကျသာ ကျင်းပလေ့ရှိပါသည်။ ပအိုဝ်းဒေသတွင် တရဲုင်နှင့် ကျုံးဒေသတွင် နှစ်စဉ် အစဉ်အလာ မပျက်ခဲ့ပေ။ “ဗွူအဲဉ်ထောင်း” ခေါ် ကောက်ညှင်းကို ထောင်းပြီး အချိုရည်နှင့် ကြံသကာရည်ဖြင့် ဆမ်းစားရသော ရိုးရာမုန့်များကို ပြုလုပ် လှူဒါန်းလေ့ရှိသော လလည်းဖြစ်ပါသည်။

(၁၁) တမ်းဖွူးတွယ်;လာ ခေါ် တပို့တွဲလမှာ ထမ်းပိုးတွဲလဟု နီးစပ်သော အသံထွက်ထပ်တူညီသော အဓိပ္ပါယ် ရှိပါသည်။ တောတွင်းထုတ်လုပ်ဖြန့်လှန်းလေ့ရှိသော ထင်းများကို ထမ်းပိုးများဖြင့် ချည်ပိုးတွယ်ဆိုင်း၍ အပြိုင်အဆိုင် ရွာတွင်းသို့ သယ်ဆောင်လေ့ရှိသော လဖြစ်သည်။ ရရှိလာသော ထင်းဦးထင်းဖျားကို ဗုဒ္ဓမြတ်စွာဘုရားအား ရည်စူး၍ မီးလှုံနိုင်ရန် တပို့တွဲလပြည့်နေ့ညတွင် မီးပုံပွဲ၊ မီးလှုံပွဲစသည်ဖြင့် ထင်းမီးပူဇော်ပွဲကို ကျင်းပလေ့ရှိခဲ့ပေသည်။

တောင်ကြီးမြို့တွင် ရှေးအခါက ဆုတောင်းပြည့်စေတီတော်တွင် ထင်းမီးပူဇော်ခြင်းဓလေ့ကို ပအိုဝ်းတိုင်းရင်းသား တို့ပင်မက ဗုဒ္ဓဘာသာဝင် အခြားတိုင်းရင်းသားများကလည်း အတူတကွ ကောင်းမှုကုသိုလ်ပြုခဲ့ကြခြင်းဖြင့် စည်းလုံးညီညွတ်မှုကို ဖော်ဆောင်ရာရောက်ပေသည်။

ယနေ့ခေတ်ကာလတွင် ထိုဆုတောင်းပြည့်စေတီတွင်မက တောင်ကြီးမြို့၏ ကျက်သရေဆောင် စူဠာမုနိ လောကချမ်းသာဘုရားတွင်လည်း မြို့လုံးကျွတ်မျှ ထင်းမီးပူဇော်သည့် ဓလေ့မှာ ခိုင်မာလျှက်ရှိနေပေသည်။ ဘုရားရင်ပြင်ပေါ်တွင် တမံသလင်းမပျက်စီးစေရန်ရေးအတွက် ကုသိုလ်အာရုံမွေ့ထုံနိုင်စေရေးအတွက် သက်ဆိုင်ရာတို့က ထင်းမီးပူဇော်နိုင်ရန် နေရာများကို သဲနှုန်းကားအစီးလိုက် ဘောင်ဖြင့်ခတ်ပြီး ကြိုတင်ဆောင်ရွက် ထားပေးရလေသည်။ ပအိုဝ်းကျေးလက် ဒေသများတွင်ရှိသော ဘုရားစေတီများတွင် အစဉ်အလာမပျက် နှစ်စဉ်ကျင်းပပူဇော်လေ့ရှိသော ရိုးရာပွဲတော် တစ်ခုဖြစ်လေသည်။

ဤလတွင် စော်ယာကု ခေါ် ကောက်ညှင်း၊ ကြံသကာ၊ မြေပဲ သို့မဟုတ် နှမ်းတို့ဖြင့် ပြုလုပ်သော အစားအစာကိုညလည်း ပြုလုပ်လှူဒါန်းလေ့ ရှိပါသည်။ လှူဒါန်းလေ့ရှိသော ဓလေ့လည်း အစဉ်အလာ ကြီးမားစွာ ထွန်းကားလာခဲ့ပေသည်။

(၁၂) တပေါင်, (ခေါ်) တပေါင်းလမှာ တပေါင်, (ပေါင်းစုံခြင်း/ပေါင်းစုံခြင်း) နေမင်း လမင်းနှစ်ပါးစုံ ပေါင်းဆုံ ပေါ်ထွန်းခဲ့သောလ ‘တပေါင်;လာ’ ဟုဆိုလိုပါသည်။ တစ်နည်းအားဖြင့် တပေါင်းကို စဖွေါင်;လာဟုလည်း ခေါ်ပါသေးသည်။ ဤလတွင် မိုးဦးကျ စိုက်ပျိုးချိန်အမီ လယ်ယာခြံမြေများကို စတင်၍ စည်းရိုးမှတ်သား ပိုင်းခြားသည့်လ ဟုဆိုလိုပါသည်။ တစ်နှစ်လုံးရှိ (၁၂)လတွင် နောက်ဆုံးလဖြစ်သော တပေါင်းလသည် ပအိုဝ်းတိုင်းရင်းသားတို့အတွက် အထူးခြားဆုံးသောလ အထွဋ်မြတ်ဆုံးသောလ ဖြစ်သည်။ ကမ္ဘာဦးကာလ နေနှင့်လ နှစ်ပါးစုံ ပေါ်ထွန်းသောလ ပအိုဝ်းမင်းဆက်တွင် အထင်ရှား အပေါ်လွင်ဆုံးသော သူရိယစန္ဒာမဟာဒွတ္တပေါင်မင်းကြီး ဖွားမြင်တော်မူသောလ၊ ဗုဒ္ဓဘုရားရှင်သည် တောထွက်တော်မူပြီးသည်မှ ဘုရားဖြစ်ပြီးသည့်တိုင် သာကီယနွယ်ဝင် ဆွေတော်မျိုးတော်များထံ အတော်နှင့်ပြန်မရောက်နိုင်ဘဲ ရှိခဲ့ရာ ကာဠဒါယီမထေရ်၏ ဂါထာခြောက်ဆယ်ဖြင့် ညွန်းဆိုဖေါ်ကျူးခဲ့သည့် သာယာလှပသောအခါသမယ ထူးမြတ်သည့်လ၊ ဗုဒ္ဓမြတ်စွာကိုယ်တိုင် ဆွေတော်မျိုးတော်များထံ အရောက်ပြန်ကြွ၍ ချီးမြှောက်တော်မူသောလ စသောအစဉ်အလာများ ဂုဏ်ထူးဝိသေသများနှင့် အထူးပြည့်စုံသော ထိုတပေါင်းလ၏ လပြည့်နေ့သည် ပအိုဝ်းတို့၏ သာကီယအစဉ်လာ အမျိုးသားနေ့  ဆင်ယင်ကျင်းပသောလ ဖြစ်လေသည်။ ထိုဂုဏ်အပေါင်း နှင့်ပြည့်စုံသောလသည် နှစ်များအားဖြင့် အကြိမ်များအားဖြင့် (၂၅၀၀) ကျော်ခဲ့ပြီး ဖြစ်ပါသည်။

တပေါင်းလသည် နွေရာသီကျောင်းပိတ်ရက်နှင့် တိုက်ဆိုင်ချိန်တွင် စုပေါင်းရှင်ပြုပွဲများကို ရှင်လောင်းအနည်းဆုံး အပါး (၅၀) မှ အပါး (၃၀၀) ကျော်အထိ ခမ်းနားကြီးကျယ်စွာ ကျင်းပလေ့ ရှိကြပါသည်။ စုပေါင်း ရှင်ပြုပွဲ “ပွယ်,ပင်,တန်” ဟုခေါ်ပါသည်။ ပွယ်,ပင်,အောင်ပွဲအဖြစ် တောဝ်;ထာ, ခေါ် မီးဆူခံခြင်း ဓလေ့လည်း ရှိပါသည်။

ပအိုဝ်းတိုင်းရင်းသားများ၏ တစ်ဆယ့်နှစ်လရာသီပွဲတော်များ၊ လုပ်ငန်းကိုင်ငန်းများ၊ လအမည်များသည် ဘာသာဘာဝနေထိုင် ကျက်စားရသော အလေ့အထများမှ မည်သွင်ဖြစ်ပေါ်လာခဲ့ကြောင်း တင်ပြလိုက်ရပေသည်။ တစ်ဆယ့်နှစ်လရာသီဆိုင်ရာ ပအိုဝ်းဘာသာ ဖွင့်ဆိုချက်များကို ရှင်းပြပေးပါသော ဘုရား၊ ကျောင်းဒကာကြီး ဖါဖြား ဦးကျောင်းအောင်အားလည်းကောင်း၊ ပအိုဝ်းစာပေယဉ်ကျေးမှု (ဗဟို)မှ သုတေသနမှူးဆရာ ဦးခွန်ရာမအား လည်းကောင်း၊ ဤဆောင်းပါးရေးသားဖြစ်အောင် အားပေးကူညီသော ပအိုဝ်းစာပေ ပုံနှိပ်တိုက်မှ သူငယ်ချင်း ခွန်အောင်ထွန်းအားလည်းကောင်း အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ပြီးပါပြီ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

Spam protection by WP Captcha-Free