ပြည်ထောင်စုထဲက ''ပအိုဝ်း''

Best view in Microsoft Internet Explorer (IE) and Windows Media Player plug-in is in uses:

ကျေးရွာတည်ဆောက်မှု

ပအိုဝ်းတိုင်းရင်းသားများသည် ယေဘုယျအားဖြင့် ခြံယာလုပ်ငန်းဖြင့် အသက်မွေးကြသူများ ဖြစ်သည်။ ကျေးရွာများ တည်ဆောက်ရာတွင်လည်း စိုက်ပျိုးရန် မြေသြဇာ ကောင်းမွန်သည့် မြေလွတ်မြေရိုင်းများ ရှိရာဒေသများကို အဓိကရွေးချယ် ကြသည်။ သောက်သုံးရေ နှင့် သီးနှံစိုက်ပျိုးရန် ရေရရှိရေး၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးအတွက် ထည့်သွင်း စဉ်းစားကြသည်။ ပအိုဝ်းကျေးရွာများကို ရေမဝပ်သည့် တောင်ကုန်း တောင်စောင်းများပေါ်တွင် အများဆုံး တွေ့ရှိရသည်။ တောင်ပေါ်ဒေသ ရေမဝပ်သည့် နေရာများများ ရွေးချယ်ရခြင်းမှာ လေကောင်းလေသန့် ရရှိစေရန်၊ ကျန်းမာရေးနှင့် ညီညွတ်စေရန်နှင့် သစ်ဝါးများ ပေါများသော တောင်ပေါ် တောင်စောင်းများတွင် ရွေးချယ်တည်ဆောက်ဟန် တူပါသည်။

ပအိုဝ်းကျေးရွာတည်ဆောက်ရာတွင် အခြေခံသည့် အချက်များမှာ စိုက်ပျိုးရန်မြေနှင့် မြေသြဇာ ကောင်းမကောင်း၊ သောက်သုံးရန်နှင့် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ရန် ရေရှိမရှိ၊ လမ်းပန်း ဆက်သွယ်ရေး လုံခြုံချောမွေ့မှု ရှိမရှိများကို အဓိကထားကြောင်း တွေ့ရသည်။ အခြား နေမျက်နှာမူရာနှင့် လေကြောင်းများ၊ မိရိုးဖလာ အစဉ်အလာများကိုလည်း တစ်ပြိုင်တည်း ထည့်သွင်းစဉ်းစား ကြသည်။ အချို့ကျေးရွာများသည် မြေသြဇာ ကောင်းမွန်လျှင် ရေနှင့်လမ်းပန်း အခက်အခဲများ ရှိသော်လည်း နေထိုင်ကြသည်။ ရေရရှိရေးနှင့် လမ်းပန်းဆက်သွယ်ရေးကို လုပ်ငန်းခွင်အားသည့် အချိန်များတွင် စုပေါင်းလုပ်အားဖြင့် လုပ်ကိုင်ကြသည်။ ရေကို များသောအားဖြင့် စမ်းချောင်းများကို အမှီပြုကာ ရွာများ၊ လူနေအိမ်များကို တည်ဆောက်ကြသည်။ တောတောင် သဘာဝ စိမ့်စမ်းရေထွက်များမှ ရေကို ကျေးရွာအရောက် နည်းမျိုးစုံဖြင့် သွယ်တန်းကြသည်။

လမ်းပန်းဆက်သွယ်ရေးကောင်းမွန်၍ မြေသြဇာ ထက်သန်သော ရေပေါများရာ ဒေသများတွင် ကျေးရွာထူထပ် ပေါများသည်ကို တွေ့ရသည်။ ထို့ကြောင့် ကလော၊ တောင်ကြီး၊ လွိုင်လင် ကားလမ်း မကြီး ဝဲယာလက်တွင် လည်းကောင်း၊ အောင်ပန်း၊ ကလော၊ လွိုင်ကော် ကားလမ်း အရှေ့နှင့် အနောက်တွင်လည်းကောင်း၊ အောင်ပန်း၊ ပွေးလှ၊ ပင်းတယ၊ ရပ်စောက် ကားလမ်း နံဘေး တစ်ဖက် တချက်များတွင်လည်းကောင်း၊ အဝတ်နက် များဖြင့် လယ်ယာလုပ်ငန်းခွင် ဝင်နေကြသော ပအိုဝ်းတိုင်းရင်းသားများနှင့် ပအိုဝ်းကျေးရွာများကို တွေ့ရှိရသည်။

ပဒေသရာဇ်စနစ်ချုပ်ငြိမ်းပြီး ပအိုဝ်းများ မြေပြန့်သို့ ဆင်း၍ ကားလမ်းမကြီးတစ်လျှောက်တွင် နေထိုင်လာကြကြောင်း သိသာထင်ရှားသည်။ လယ်ယာမြေများကို ယခင်ကထက်တိုး၍ လုပ်ကိုင်လာကြသည်။ သီးနှံများ စနစ်တကျ တို့ချဲ့စိုက်ပျိုးလာကြသည်။ ပအိုဝ်းကျေးရွာ များကို အိမ်ခြေ (၅) အိမ်ထက်ကျော်လျှင် ရွာအဖြစ် သတ်မှတ်ထားသဖြင့် ကျေးရွာတစ်ရွာလျှင် ပျှမ်းမျှအိမ်ခြေ (၅၀) မှ (၇၀) အတွင်းတွင်သာ ရှိကြသည်။ အိမ်ခြေ (၁၀) အိမ်မျှသာရှိသော ရွာသိမ် ရွာငယ်များမှ အိမ်ခြေ (၃၀၀) ကျော်ရှိသော ရွာကြီးများအထိ ရှိကြသည်။ တစ်ရွာနှင့် တစ်ရွာ ပျမ်းမျှ (၄) မိုင် (၅) မိုင် အထိ ကွာဝေးပြီး ကားလမ်းမကြီးတလျှောက်တွင်မူ (၂) မိုင် ပတ်ဝန်းကျင်မျှသာ ကွာဝေးကြသည်။ ကျေးရွာပုံစံများမှာ ရွာဝိုင်း ပုံသဏ္ဍာန်များပြား၍ ရွာတန်းရှည် ပုံသဏ္ဍာန် နည်းပါးကြောင်း တွေ့ရသည်။ ရွာတန်းရှည်များကို ချောင်းနှင့် ကားလမ်း၊ ရထားလမ်း တစ်လျှောက်များတွင်သာ တွေ့ရှိနိုင်သည်။

ပအိုဝ်းနေအိမ်များကို ရှေးခေတ်အိမ်ပုံစံများနှင့် ခေတ်ပေါ်အိမ်ပုံစံများဟူ၍ နှစ်မျိုးရှိကြသည်။ ရှေးခေတ်အိမ်ပုံစံသည် သစ်ဖြင့်ဖြစ်စေ၊ ဝါးဖြင့်ဖြစ်စေ၊ ဆောက်လုပ်ကြသော်လည်း ခေါင်စောက်၊ ခါးတို၊ ပြူတင်းပေါက်များ မရှိသောအိမ်များ ဖြစ်ကြသည်။ ယခုခေတ်တွင် ကြိုက်နှစ်သက်ရာ အိမ်ပုံစံများဖြင့် ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုးအိမ်များ ဆောက်လုပ်လာကြကာ လေဝင်လေထွက် ကောင်းမွန်စေရန် အခန်းတိုင်းတွင် ပြူတင်းပေါက်များ တပ်ဆင်ထားကြသည်။ အိမ်ဆောက်လုပ်ရန် ပထမဦးစွာ မြေနေရာ ရွေးချယ်ပြီး မြေညှိရသည်။ နေ့ကောင်းရက်မြတ်မျာ ရွေး၍ ပန္နက် ရိုက်ကြသည်။ ဝါးအိမ် ဆောက်လုပ်လျှင် ရွာသားလုပ်အားဖြင့် နေ့ချင်းပြီး ဆောက်လုပ်လေ့ ရှိကြသည်။ နှစ်ထပ်အိမ် အဆောက်များပြီး အိမ်ပေါ်တွင် ဧည့်ခန်း၊ အိပ်ခန်းနှင့် မီးဖိုခန်းများ ခွဲခြားထားသည်။ အိမ်အောက်တွင် ကျွဲ၊ နွား၊ တိရိစ္ဆာန်များကို လည်းကောင်း၊ သီးနှံများကို လည်းကောင်း၊ လယ်လုပ် ကိရိယာများကို လည်းကောင်း ထားရှိကြသည်။ သစ်သားအိမ်များကို ရှမ်းပြည်နယ်၏ အမြဲ စိမ်းလန်းစိုပြည်သော တောင်၊ ခြောက်သွေ့သစ်တော နှင့် ထင်းရှူးတော များမှ ရရှိသော ကျွန်း၊ ပျဉ်းကတိုး၊ သစ်ယာ၊ အင်ကြင်း၊ အင်၊ ကညင်၊ ထင်းရှူး အစရှိသော သစ်များဖြင့် ဆောက်လုပ်ကြသည်။ သစ်သားအိမ်များကိုမူ အိမ်ရှင်များက ကျွမ်းကျင်ခေတ်မီသော လက်သမားများကို ငှားရမ်းဆောက်လုပ်စေကြသည်။ သစ်နှင့် ဝါးသည် ပအိုဝ်းနေအိမ်များ အတွက် အဓိက လိုအပ်သော ပစ္စည်းများဖြစ်ကြသည်။ ခေတ်မှီ ပျဉ်ထောင်အိမ်များတွင် အခန်းဖွဲ့စည်းပုံ အမျိုးမျိုးထားရှိသော ဘုရားကျောင်းကို ခမ်းနားသပ်ရပ်စွာပြင်ဆင်ထားလေ့ရှိကြသည်။

Data Entry အတွက် အစ်မ – Nang SawSanDarShwe (NTU-Singapore) အား အထူးကျေးဇူးတင်ရှိပါတယ်။

» Facebook မှာ Share ရန်နှိပ်ပါ »

Posted in သမိုင်းထဲက ပအိုဝ်းများ.

Add a comment

No Replies

Feel free to leave a reply using the form below!


Leave a Reply

Spam protection by WP Captcha-Free