Get Adobe Flash player

ပအိုဝ်းအမျိုးသားအလံတော်

Download

လူပျိုအပျိုဘဝသည် လူမျိုးတိုင်းတွင် ရှိကြသည်။ ပအိုဝ်းတိုင်းရင်းသားများ တွင်လည်း လူပျိုလှည့်သည့် ဓလေ့ရှိသည်။ လူငယ်များ လူပျိုလှည့်ရာတွင် မိမိရွာတွင်း၌လည်းကောင်း၊ တစ်ဦးချင်းဖြစ်စေ အပေါင်းအသင်းများနှင့် ဖြစ်စေ လှည့်လေ့ရှိသည်။ သူစိမ်းပြင်ပရွာ၌ အပျိုလှည့်လိုလျှင် ကာလသားခေါင်းဆောင်ထံတွင်ဖြစ်စေ၊ ရွာခံကာလသားတစ်ဦးကဖြစ်စေ လမ်းညွှန်ဦးဆောင်ပေးကြရသည်။ အိမ်ရှင်အပျိုအမျိုးသမီးအနေဖြင့် မိမိ၏အိမ် အလည်လာသော လူပျိုများအား သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ လက်ခံစကားပြောပြီး ရေနွေးကြမ်၊ ကွမ်း၊ စားဘွယ်တစ်ခုခုဖြင့် ဧည့်ခံပေးရသည်။ လူပျိုလှည့် စကားပြောရန်မှာ နေအိမ်အတွင်းရှိ မီးဖိုနံဘေး၌ ဝိုင်းထိုင်၍ ပြောကြသည်က များသည်။ အချို့လည်း နေ့လယ်ယာလုပ်ငန်းခွင်များသို့ လှည့်လည်ကြသည်။ အမျိုးသားအနေဖြင့် အသက်(၁၆) နှစ် အရွယ်မှစ၍ လူပျိုလှည့်နိုင်ပြီး အမျိုးသမီးများအနေဖြင့် အသက်(၁၅) နှစ်တွင် အပျိုအဖြစ် သတ်မှတ်လေ့ရှိကြသည်။

လူပျိုအပျိုစကားပြောရာတွင် ရိုးရိုးပအိုဝ်းဘာသာစကားဖြင့်လည်းကောင်း စကားထာများဝှက်၍ လည်းကောင်း ပြောကြသည်။ လူပျိုအပျိုများ အာဝဇွန်း ကောင်းမကောင်းအပေါ် အခြေခံ၍ လူပျိုအပျို လှည့်ချိန်ကြာတတ်သည်။ အမျိုးသမီး၏ မိဘမောင်ဘွားများက လာရောက် ပိုးပန်းကြသော မည်သည့်လူပျိုများကိုမဆို ငြင်းပယ်တားမြစ်လေ့ မရှိကြပါ။ အမျိုးသား အမျိုးသမီးများ ဓလေ့ထုံးစံလူမှုရေး စည်းကမ်းများ ဖောက်ဖျက်ပါက ရွာသူရွာသားများ၏ ဝိုင်းကျဉ်ခြင်းကို ခံရတတ်သည်။ ကာလသား ကာလသမီးခေါင်းဆောင်များကို ဝန်ချတောင်းပန်ပြီး လက်ခံမှသာ ရွာအသိုင်းအဝိုင်းအတွင်းသို့ ပြန်လည်ဝင်ရောက်ခွင့် ပြုကြသည်။
အပျိုက လူပျို၏ ချစ်ခြင်းမေတ္တာကို လက်ခံသဘောတူလျှင် လက်ဆောင်ပစ္စည်း အထိမ်းအမှတ် တစ်ခုခုပေးနိုင်သည်။ နှစ်ဦးနှစ်ဖက် အခြေအနေ အချိန်အခါအရ နားဖောက်ပြီး စေ့စပ်ကြောင်းလမ်းမှုများ ပြုလုပ်ကြသည်။

မင်္ဂလာလက်ထပ်ပွဲ
အမျိုးသားနှင့် အမျိုးသမီး အချင်းချင်းမေတ္တာမျှကြသောအခါ အမျိုးသားမိဘနှင့် လူကြီးများက အမျိုးသမီးမိဘနှင့် လူကြီးများထံသို့ သွားရောက်စေ့စပ်ကြောင်းလမ်းကြသည်။ အမျိုးသမီးဘက်မှ မိဘများနှင့် ကာယကံရှင် သဘောတူကြလျှင် စေ့စပ်ကြောင်းလမ်းခြင်း အောင်မြင်သည့် အထိမ်းအမှတ်အဖြစ် လက်ဆောင်တစ်ခုခု တင်ကြရပါသည်။
မင်္ဂလာလက်ထပ်ပွဲအတွက် နှစ်ဖက်သော မိဘများက ရက်ကောင်းရက်မြတ် ရွေး၍ ဆွေမျိုးမိတ်သင်္ဂဟ များအား ဖိတ်စာကမ်းကြသည်။ လက်ထပ်ပွဲများကို သတို့သမီးများ၏ နေအိမ်တွင် ကျင်းပပြုလုပ်သည်ကများသည်။
လက်ထပ်ပွဲတွင် ကန်တော့ပွဲသုံးပွဲ ပြင်ပေးရသည်။ နှစ်ဖက်သောမိဘများအား ကန်တော့ရန် ကန်တော့ပွဲ၊ ကျေးရွာကာလသား ခေါင်းဆောင် ကန်တော့ရန် ကန်တော့ပွဲနှင့် မင်္ဂလာပွဲလာပရိတ်သတ်များအား ကန်တော့ရန် ကန်တော့ပွဲ ဟူ၍ဖြစ်သည်။ ကန်တော့ပွဲတိုင်းတွင် စုံအရေအတွက်ဖြစ်သည့် ငါးချဉ်နှစ်ထုပ်၊ အလုံးရေစုံသော ငှက်ပျောသီး နှစ်ဖီး၊ လက်ဖက်အစုံ နှစ်ထုပ်၊ ဆေး နှစ်ထုပ်နှင့် ကွမ်းသီးကွမ်းရွက်များ ပြည့်ပြည့်စုံစုံ ထည့်ရသည်။
မင်္ဂလာအချိန်အခါကို နံနက်နေထွက်ချိန်မှ မွန်းတည့်ချိန်အထိ သတ်မှတ်လေ့ရှိကြသည်။ သတို့သား သတို့သမီးအရံများ ထားကြသည်။ သတို့သား သတို့သမီးအရံများသည် အပျိုလူပျိုများဖြစ်ရန်နှင့် မိဘအစုံအလင်ဖြစ်ရန်လိုသည်။ မင်္ဂလာလက်ထပ်ပွဲကို သက်ကြီးဝါကြီး အိမ်ထောင်စုံလင်သူ တစ်ဦးဦးက စတင်၍ လက်ထပ်ပေးရသည်။ သတို့သား သတို့သမီးများ၏ လက်တွင် ချည်ခင်စွပ် ဆုတောင်းလက်ဖွဲ့ပေးကြသည်။ ရွှေ၊ ငွေ၊ ပစ္စည်း အသုံးအဆောင်များ လက်ဖွဲ့ကြသည်။ နှစ်ဖက်သော ဆွေမျိုးများနှင့် ဧည့်သည်များအား ထမင်း၊ လက်ဖက်ရည် စသည့် စားဖွယ်သောက်ဖွယ်များဖြင့် ဧည့်ခံကျွေးမွေးကြသည်။ လက်ထပ်မင်္ဂလာပွဲ၏ ကုန်ကျစရိတ်များကို သတို့သားဖက်မှ အကုန်အကျခံသည်က များသည်။
ပအိုဝ်းကျေးလက်တောရွာများတွင် သတို့သား သတို့သမီးများကိုယ်တိုင် နှစ်ဖက်သော ဆွေမျိုးများထံ တစ်ရွာဝင် တစ်ရွာထွက် လိုက်လံကန်တော့ရသော မင်္ဂလာပွဲ အစဉ်အလာများလည်း ရှိပါသည်။

3 Responses to လူပျိုအပျိုဘဝနှင့် မင်္ဂလာလက်ထပ်ပွဲ

  • naingwin says:

    ဒီနေရာလေးကို ရောက်လာတာ အရမ်းကိုပျော်ရွှင်ရပါတယ် ကျနော့်ချစ်သူက (ပအိုဝ်း) ဖြစ်နေလိုပါ သီချင်းတွေရော ပအို့ အကြောင်းတွေကို နားလည်လိုက်ရတဲ့အတွက် ကြည်နူရပါတယ်ဗျာ နောက်ဆို အမြဲလာလည်နေမှာပါ

      (Quote)

  • khunchansam says:

    လွဉ် လယ်ဖတ်ပါ ..လိတ်နော..
    ထူးဂုဏ်ဒျား………..

      (Quote)

  • KhunKyiPhyu says:

    လာရောက်ဖတ်ရှုသွားပါတယ် ခင်ဗျာ…
    နောက်ပြီး..ကူးယူသွားပါတယ် ..
    ပြန်လည်ဖေါ်ပြန်ဖို့ အတွက်ပါ…
    ကျေးဇူးတင်ပါတယ်..း)

      (Quote)

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

Spam protection by WP Captcha-Free