Get Adobe Flash player

ပအိုဝ်းအမျိုးသားအလံတော်

Download

ယဉ်ကျေးမှုဆိုသည်မှာ-

ယဉ်ကျေးမှု၏ အဓိပ္ပါယ်မှာ လူသားများကို သက်သာမှု၊ ချောင်လည်မှု၊ အချင်းချင်းနားလည်မှုနှင့် စိတ်ချမ်းသာမှုအတွက် လူသားများ ကိုယ်တိုင်ဖန်တီးထားသော အရာများကို ခေါ်ဝေါ်ခြင်းပင် ဖြစ်သည်။ စကား၊ စာပေ၊ ဆင်ယင်ထုံးဖွဲ့မှု၊ ဘာသာရေး ကိုးကွယ်ယုံကြည်မှု၊ ဂီတအနုပညာနှင့် ဓလေ့ထုံးစံများသည် လူသားများ ဖန်တီးထားသောအရာများ ဖြစ်သဖြင့် ယဉ်ကျေးမှုတွင် အကျုံးဝင်ပါသည်။ ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားသည်ဟု ဂုဏ်ယူ လျှက်ရှိကြသော တိုင်းပြည်၊ နိုင်ငံ၊ လူမျိုးဟူသမျှသည် ရှေးနှစ်ပေါင်းများစွာက မိမိတို့ ဘိုးဘေးဘီဘင်တို့ ချန်ထားခဲ့သော ရှေးဟောင်း ယဉ်ကျေးမှု အမွေသမိုင်းတို့ဖြင့် ဖော်ပြလျက် ရှိနေကြသည်။

ယဉ်ကျေးမှုကွယ်ပျောက်လျှင် လူမျိုးပါပျောက်ကွယ် သွားနိုင်ပါသည်။ ထိုအသိကို လူမျိုးတိုင်းက ခံယူနားလည်ထားကြရမည်။ လူမျိုးတိုင်း မိမိယဉ်ကျေးမှုကို ထိန်းသိမ်းခြင်း၊ ပြုစုပျိုးထောင်ခြင်း၊ တိုးတက်စေရန် ကြိုးပမ်းခြင်းများ ပြုလုပ်လျက် ရှိနေကြသည်။ ယဉ်ကျေးမှုသည် လူမျိုးတစ်မျိုး၏ ဘဝတည်ဆောက်ပြုပြင်ပုံ၊ ဘဝ ပုံစံပင်ဖြစ်သည်။ လူတို့၏ အသိဥာဏ် ဗဟုသုတ လုပ်ကိုင် ဆောင်ရွက်နည်းများ အပြင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ တွေးခေါ် ကြံဆ ဖန်တီးချက်များ အဆင့်ဆင့်သို့ သိုမှီးစုဆောင်းထားခြင်းပင် ဖြစ်သည်။

ကမ္ဘာအရပ်ရပ် လူမျိုးအသီးသီးတို့၏ မူလ ယဉ်ကျေးမှုမှန်သမျှသည် သီးနှံစိုက်ပျိုးရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းအပေါ်၌ မှီငြမ်းတည်ဆောက်ခဲ့ကြသည်။  ယဉ်ကျေးမှု၏  မဏ္ဍိုင်သည် သီးနှံစိုက်ပျိုးရေးနှင့် နိုင်ငံကူးလူးဆက်ဆံရေးမှ ရရှိသော ယဉ်ကျေးမှု အသစ်များပင် ဖြစ်သည်။ မြန်မာတိုင်းရင်းသားများသည် ဗုဒ္ဓစာပေများကြောင့် ယဉ်ကျေးမှု ပိုမိုတိုးတက် မြင့်မားလာခဲ့သည်။ ယဉ်ကျေးမှုတွင် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ဟူ၍ ရှိသည်။ ရုပ်ပိုင်းတွင် ဝတ်စားဆင်ယင်မှု အသုံးအဆောင် ပစ္စည်း ကိရိယာ တန်ဆာပလာများနှင့် အဆောက်အဦးများ ပါဝင်သည်။ စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုတွင် အမူအရာ ယဉ်ကျေးမှု၊ အပြော အဆို ယဉ်ကျေးမှု၊ စိတ်နေစိတ်ထား ယဉ်ကျေးမှုနှင့် ယုံကြည်ကိုးကွယ်မှုများ ဖြစ်သည်။

ယနေ့လူသားများသည် အတိတ်လူသားများ တီထွင်ဖန်တီးထုတ်လုပ်ခဲ့သော ယဉ်ကျေးမှု အမွေအနှစ် များကို လေးစားမြတ်နိုးကြပြီး မပျောက်မပျက်စေရန် ထိန်းသိမ်း စောင့်ရှောက် ကြသည်။ လူမျိုးတိုင်းတွင် မိမိ၏ ကိုယ်စီကိုယ်ငှ ယဉ်ကျေးမှု အနှစ်သာရ ဝိသေသ လက္ခဏာများ အမြတ်တနိုး မွမ်းမံကြစမြဲ ဖြစ်သည်။ ပအိုဝ်းယဉ်ကျေးမှုသည် အခြားယဉ်ကျေးမှုများနှင့် ရောပြွမ်းသင့်သလောက် ရောပြွမ်း၍ နေပါသည်။ သုဝဏ္ဏဘူမိ သထုံပြည်မှ ဗုဒ္ဓအယူဝါဒကို လက်ခံခဲ့ကြသဖြင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု အပေါ်တွင် အခြေခံ ပြုထားပါသည်။ ပအိုဝ်းဒေသ ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများ၊ လပြည့်လကွယ် နေ့ကြီး ရက်ကြီးများ၊ ဗုဒ္ဓနှင့် ပတ်သက်သော အလှူဒါနပွဲများသည် ပအိုဝ်းအမျိုးသားများ၏ ထူးခြားသော ယဉ်ကျေးမှု လက္ခဏာများပင် ဖြစ်သည်။

ထို့ကြောင့် ပအိုဝ်းတိုင်းရင်းသားများ၏ ယဉ်ကျေးမှု အကြောင်းများ ဖြစ်ကြသည့် သွင်ပြင် လက္ခဏာများ၊ စိတ်နေသဘောထားများ၊ ဝတ်စားဆင်ယင်မှုများ၊ ဘာသာရေး ကိုးကွယ် ယုံကြည်မှုများ၊ ကျေးရွာ တည်ဆောက်မှုများ၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဆွေမျိုးတော်စပ်ပုံ၊ အမွေ ဆက်ခံခြင်း၊ ကင်ပွန်းတပ်ခြင်း၊ ပညာ သင်ကြားခြင်း၊ ရှင်ပြုပွဲ၊ အပျိုလူပျိုဘဝ၊ မင်္ဂလာလက်ထပ်ပွဲ၊ အစားအစာနှင့် အခြားပအိုဝ်းအမျိုးသား ယဉ်ကျေးမှု ရိုးရာများကို အကျဉ်းတင်ပြသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

Spam protection by WP Captcha-Free