Get Adobe Flash player

ပအိုဝ်းအမျိုးသားအလံတော်

Download

ဘုရင် အသောကမင်းတရားကြီးသည် ဗုဒ္ဓမြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်ပြီး သာသနာတော် (၂၁၈)သို့ ရောက်ရှိလာသောအခါ တတိယ သင်္ဂါယနာတင်ပွဲပြီးဆုံးခြင်း အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် စေတီပေါင်း(၈၄၀၀၀) ရှစ်သောင်းလေးထောင်ကို တစ်ပြိုင်နက်တည်း တည်ထားကိုးကွယ်လိုသော ဆန္ဒတော်ဖြစ်ခဲ့လေသည်။ သို့ဖြစ်၍ ရာဇဂြိုလ်၊ ဝေသာလီ၊ ကပိလ၀တ်၊ အလ္လကပ္ပ၊ ဝေဌဒီပ၊ ပါဝါကုသိနာရုံပြည်များရှိ စေတီတော်များကို တူးဖြိုစေ၍ ဓာတ်တော်များကို ရှာဖွေခဲ့သော်လည်း တွေ့ရှိခြင်းမရှိခဲ့ပါ။ တူးဖြိုထားသော စေတီတော်များကို မူလပကတိအတိုင်း ပြန်လည်တည်ထား စေတော်မူခဲ့လေသည်။

ထို့နောက် ရာဇဂြိုလ်သို့ ပြန်လည်ကြွရောက်ကာ ပရိသတ်လေးပါး စုံညီစည်းဝေးပြီး ဓာတ်တော်များအကြောင်း စုံစမ်းမေးမြန်း ရာတွင်မှ သက်တော်(၁၂၀)ရှိသော မထေရ်ကြီးက မိမိ(၇)နှစ်သားအရွယ် ငယ်စဉ်ကာလတွင် ငါ၏ဆရာ မထေရ်ကြီးနှင့်အတူ ပန်းတောင်းကိုကိုင်ကာ ကျောက်စေတီတစ်ဆူကို သွားရောက်ဖူးမျှော် ပူဇော်ခဲ့ဖူးကြောင်း မိန့်ကြားခဲ့သည်။ ထိုနေရာကို စုံစမ်းပြီး၊ မင်းကြီးက သွားရောက်တူးဖော်သည့်အခါ ရှင်မဟာကဿပနှင့် ဘုရင်အဇာတသတ်တို့ အဓိဋ္ဌာန်ပြုပြီး တည်ထားသော ဓာတ်တော်သိုက်ကို တွေ့ရလေသည်။

သီရိဓမ္မာသောကမင်းကြီးသည် ထိုဓာတ်တော်များကို ကောင်းမွန်စွာရရှိ၍ ကိုးတိုင်းကိုးဌာန သာသနာပြုရာ ဒေသအသီးသီးသို့ စေတီပေါင်း(၈၄၀၀၀) ရှစ်သောင်း လေးထောင်ကို တည်ထားကိုးကွယ် စေခဲ့ခြင်းဖြစ်သည်။ ဤကက္ကူမွေတော် ဓာတ်မြတ်ကျော် စေတီသည်လည်း သီရိဓမ္မာသောက မင်းကြီး၏ စေတီပေါင်း (၈၄၀၀၀) ရှစ်သောင်း လေးထောင်တွင် အကျုံးဝင် စေတီတစ်ဆူ ဖြစ်ကြောင်း ကမ္ဗည်းစာများအရ သိရသည်။

လွန်ခဲ့သော နှစ်(၂၀၇)အကြာ မြန်မာသက္ကရာဇ် ၁၁၅၅-ခုနစ်၊ ခရစ်နှစ် ၁၇၉၃-ခုနှစ်တွင် ညောင်ရွှေစော်ဘွားကြီး ကြီးမှူးလျက် သွန်းလောင်းခဲ့ရာ ခေါင်းလောင်းစာတွင်-

ရမ္မာသခင် ၊ အရှင်စံရာ

ဝတိံသာသို့ ညောင်ရွှေမြို့၏

ခွန်းပို့သွင်းဆက် ၊ ကျေးလက်ဂါမာ

ဒဏ္ခိဏာဝယ်

သညာတွင်မူ ၊ ကက္ကူရွာကြီး

ပတ်စီးတောင်စဉ် ၊ ရေယာဉ်နုကြည်

ဦးချီတိုက်ရာ ၊ တောင်ကုန်းသာထက်

ဓမ္မသောက ၊ မင်းလှအလောင်း

ရှစ်သောင်းလေးထောင်

တည်ဆောင်ကိုယ်စား

မြတ်ဘုရား၏

ဆက်ပွားစေတီ

မြတ်သရီကို

ဤသို့စာပေမှတ်တမ်းဖြင့် ဂုဏ်ဖွင့်ရေးသား ပူဇော်ခဲ့လေသည်။

ပရိဘောဂစေတီ

သီရိဓမ္မာသောကမင်းကြီးသည် မြတ်စွာဘုရား၏ သရီရဓာတ်မွေတော်များကို စေတီဘုရား (ဓာတုစေတီ) ကိုးကွယ်တည်ထားစေ သကဲ့သို့ပင် ညေယျငါးဖြာ၊ လေးသစ္စာနှင့် မာရ်ငါးပါးကို အောင်မြင်ရာ အပရာဇိတ ပလ္လင်ပေါက်ရောက်ရာ မဟာဗောဓိညောင်ပင်ကြီးကိုလည်း သာသနာပြုရာ ဒေသဌာနတိုင်းသို့ (ပရိဘောဂစေတီ) စေတီအဖြစ်စိုက်ပျိုးပူဇော်ခဲ့လေသည်။

သီရိဓမ္မာသောကမင်းကြီးသည် ဗုဒ္ဓဘုရားရှင်အားရည်စူး၍ မဟာဗောဓိပင် ပူဇော်ပွဲကျင်းပလေ့ ရှိသည်။ ကိုးတိုင်းကိုးဌာန သာသနာပြုရာ လင်္ကာဒီပ (သီဟိုဠ်ကျွန်း) သီရိလင်္ကာနိုင်ငံမှာလည်း မဟာဗောဓိပင် ပူဇော်ပွဲကျင်းပနိုင်ရန် လင်္ကာဒီပတွင်သာသနာပြုနေသော ရှင်မဟိန္ဒမထေရ်မြတ်က (အသောကမင်းတရားကြီး၏ သားတော်ရဟန်း) ခမည်းတော် အသောကမင်းတရားကြီးအား မဟာဗောဓိပင်၏ လက်ျာတော်ကိုင်း (ဒက္ခိဏသာခေါ) ကို ပင့်ဆောင်ပူဇော်ခွင့်ပြုပါရန် မိန့်တော်မူသည်။

ပါဋလိပုတ်ပြည် တာမလိတ္တိဆိပ်ကမ်းမှ

အသောကမင်းတရားကြီးသည် ရှင်မဟာမောဂ္ဂလိ ပုတ္တတိဿအရှင်မြတ်နှင့် သံဃာတော်တို့အား တိုင်ပင်ပြီး မဟာဗောဓိပင်လက်ျာတောင်ကိုင်း (ဒဏ္ခိဏသာခါ)ကို အခမ်းအနားကြီးစွာ စီမံပြီးလျှင် အသောကမင်းတရားကြီး၏ သမီးတော် သံဃမိတ္တာထေရီမနှင့် ထေရီရဟန်းမ (၁၁)ဦး၊ အရိဋ္ဌ အမတ်တို့ပါဝင်သော မဟာဗောဓိပင် ပင့်ဆောင်ပူဇော်ရေး အဖွဲ့ဖြင့် ပင့်ဆောင်တော်မူလေသည်။ ပါဋလိပုတ်ပြည် ဂင်္ဂါမြစ်မှ ရေကြောင်းအခမ်းအနားဖြင့်ထွက်ခွာခဲ့ရာ တာမလိတ္တိ သင်္ဘောဆိပ်သို့ ဆိုက်ရောက်ခဲ့သည်။ ထိုဆိပ်ကမ်းမှ လင်္ကာဒီပ (သီဟိုဠ်ကျွန်း) သီရိလင်္ကာနိုင်ငံသို့ ပူဇော်ပင့်ဆောင်ရန်ဖြစ်သည်။ ဤဆိပ်ကမ်း၌ (၇)ရက်ပတ်လုံး အသောကမင်းကြီးသည် မဟာဗောဓိပင်အား ကြီးကျယ်ခမ်းနားစွာ ဖူးမြင်ပူဇော်သည်။ ပါဋလိ ပုတ်တာမလိတ္တိ ဆိပ်ကမ်းမှ ပို့ဆောင်သည့်အခါ အသောကမင်းတရားကြီး ဗုဒ္ဓဘုရားရှင်ကို အလွန်တရာ ကြည်ညိုစွာသော သဒ္ဒါတရားဖြင့် ရေသို့သက်ဆင်း၍ လည်ပင်းထိ ရေမြုပ်သည့်တိုင် လိုက်လံပို့ဆောင်တော်မူသည်။

သီဟိုဠ်ကျွန်း ဇမ္ဗူကောလဆိပ်ကမ်းသို့

မဟာဗောဓိပင်သည်လည်း သီဟိုဠ်ကျွန်း ဇမ္ဗူကောလဆိပ်ကမ်းသို့ အောင်မြင်စွာ ဆိုက်ရောက်တော်မူ လာခဲ့လေပြီ။ သီဟိုဠ်ကျွန်းနိုင်ငံကို အစိုးရသော ဒေ၀ါနံ ပီယတိဿမင်းကြီးသည်လည်း အနုရာဓမြို့တော်မှ ဇမ္ဗူကောလဆိပ်ကမ်းအထိ လမ်းခရီးကို အဆင်တန်ဆာ ပြင်ဆင်ထားလျက် မဟာဗောဓိပင်ကို ငံ့လင့်ကြိုဆိုလေသည်။ မဟာဗောဓိပင် ဆိုက်ရောက်သည့်အခါ သီဟိုဠ်ကျွန်းဘုရင် ဒေ၀ါနံပီယတိဿမင်းကြီးသည် ဆိပ်ကမ်းသို့ သက်ဆင်း၍ လည်ပင်းထိ ရေမြုပ့်သည့်တိုင်အောင် ခရီးဦးကြိုဆို ပင့်ဆောင်ပူဇော်လေသည်။ မဟာဗောဓိပင်အား တိုင်းသူပြည်သားနှင့်တကွ အကြိမ်ကြိမ် ပူဇော်ကန်တော့ပြီးနောက် ထူပါရုံစေတီ၏ အနောက်ဘက် မဟာမေဃ၀န် ဥယျာဉ်အတွင်း၌ စိုက်ပျိုးတည်ထားလေသည်။

ဤကက္ကူမွေတော် ဓါတ်မြတ်ကျော်စေတီစု၌လည်း ဗုဒ္ဓဘုရားရှင်ပွင့်တော်မူရာ ညောင်ပင်၊ သမ္မာသမ္ဗောဓိဉာဏ်၊ သဗ္ဗညုတဉာဏ် ရရှိအောင်မြင်တော်မူရာ မဟာဗောဓိပင်မှ မူလအဆက်အနွယ်မပျက် ဆက်လက်ထိန်းသိမ်း စိုက်ပျိုးလာခဲ့သော ဗောဓိညောင်ပင်ကို ယခုတိုင် တွေ့မြင်နိုင်သည်။ ဤကက္ကူမွေတော် ဓါတ်မြတ်ကျော်မှာရှိသော ဗောဓိညောင်ပင်မှာ ဒေသပေါက်ညောင်ပင်နှင့် မတူ ၀ိသေသထူး၍ ခြားနားသည်။ ဗောဓိညောင်ပင်မှာ ညှာတံနှင့် အရွက်ဖျားမှာ ရှည်လျား၍ သွယ်သွယ်ရှိသည်။ ရင့်ရော်လာသောအခါ အရွက်မှာ ရွှေဝါရောင် သန်းလျက်ရှိသည်။ ဒေသပေါက်ညောင်ပင်မှာ ဤထူးခြားမူများမရှိခဲ့ပါ။

6 Responses to သမိုင်းဝင် မွေတော်ကက္ကူဘုရား (၁)

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

Spam protection by WP Captcha-Free