ရဟန္တာသိမ်တော် ——>
လူ့လောကတွင် ပစ္စုပ္ပန်နှင့်သံသရာ နှစ်ဖြာသော စီးပွားချမ်းသာအတွက် ဗုဒ္ဓသာသနာတော် အဓွန့်ရှည်ကြာ တည်တံ့ခိုင်မြဲဖို့ လိုသည်။ သာသနာပြုလုပ်ငန်းမှာ သံဃာတော်များသည် ဦးစီးဦးဆောင်များ ဖြစ်ကြပါသည်။ ရဟန်းသံဃာတော်များ စဉ်ဆက်မပြတ်တည်ရှိနေရန် ဥပသမ္ပဒကံဆောင် ရဟန်းခံရာသိမ်သည် မရှိမဖြစ် အရေးကြီးလှပေသည်။ သိမ်မရှိပါက ရဟန်းခံ ဥပသမ္ပဒ ကံမြောက်နိုင်ခြင်း မရှိသောကြောင့် ရဟန်းသံဃာ ပြတ်လပ်သွားနိုင်ပါသည်။ ဦးဆောင်ရဟန်းသံဃာကင်းမဲ့ခဲ့ပါလျှင် ဗုဒ္ဓသာသနာတော်သည်လည်း လူ့လောကမှ ကွယ်ပျောက်သွားနိုင်သည်။
ဤအနာဂတ်အရေးကို မြော်တွေး၍ မဇ္ဈိမဒေသမှတစ်ပါး အခြားသော အစွန်းအဖျားကျသည့် ပစ္စန္တရာဇ် အရပ်ဒေသမှာ သိမ်သမုတ်ခြင်း စသော သံဃကံများ အောင်မြင်ပြီးမြောက်စွာ ဆောင်ရွက်နိုင်ရန် တတိယသင်္ဂါယနာတင်အပြီး ကိုးတိုင်းကိုးဌာန သာသနာပြုရာမှ ရှင်မဟာမောဂ္ဂလိ ပုတ္တဿမထေရ်နှင့် အသောကမင်းတရားကြီးတို့က သုဝဏ္ဏဘူမိသို့ သောဏမထေရ်နှင့် ဥတ္တရမထေရ်အမှူးရှိသော သံဃအဖွဲ့ငါးပါးကို အမြော်အမြင်ကြီးစွာ စေလွှတ်တော်မူခဲ့ခြင်း ဖြစ်သည်။
သံဃာငါးပါးရှိသော အဖွဲ့ကိုစေလွှတ်ခြင်းမှာလည်း အစွန်အဖျားကျသော ပစ္စန္တရာဇ်အရပ်ဒေသတွင် အဖွဲ့ဝင်ငါးပါးရှိမှသာ သံဃကိစ္စအ၀၀၊ သံဃကံကို ဆောင်ရွက်နိုင်သောကြောင့် ဖြစ်သည်။ ထိုရဟန္တာအရှင်မြတ်များ သမုတ်တည်ထားသော ရဟန္တာသိမ်တော် ကက္ကူမွေတော် ဓာတ်မြတ်ကျော် စေတီစုအနီး မြောက်အရပ်တွင် ယခုတိုင် အခိုင်အမြဲ ရှိနေပါသည်။
ရွှေဝက်ကူးဘုရား
ကက္ကူမွေတော် ဓာတ်မြတ်ကျော်စေတီ အနောက်ဘက် မနီးမဝေးလှသောအရပ်တွင် တောဝက်များ ကျက်စားနေထိုင်သော တောအုပ်ဂနိုင် တစ်ခုရှိသည်။ ဤတောအုပ်ဂနိုင်မှ အမွေးအမျှင်များ၊ အသားအရေများ ရွှေရောင်တောက်ပနေသော အကြီးအကဲ ၀က်မင်းတစ်ကောင်သည် ညအချိန်တွင် စေတီဘုရားရှိရာသို့ ကူးသန်းလာပြီး နှစ်ပရိစ္ဆေဒများစွာ ကြာညောင်း၍ ခြတောင်ပို့များ ဖုံးလွှမ်းကာ မြေကြီးထဲတွင် နစ်မြှပ် ပျောက်ကွယ်နေသော ရှေးဟောင်းရွှေစေတီအား မိမိ၏အစွယ်နှင့် ခြေလက်များဖြင့် မြေကြီးများကို ယက်၍ဖယ်ထုတ်ကာ စေတီတစ်ဆူ ပေါ်ထွက်လာခဲ့သည်။
နေ့ရက်များစွာ ရွှေဝက်ကူး၍ လာရောက် သောကြောင့် ဤစေတီကို “ရွှေဝက်ကူး စေတီဘုရား”ဟု နရပတိစည်သူသမိုင်းတွင် ရေးသားဖော်ပြထားသည်။ ရွှေဝက်များ ကျက်စားနေထိုင်ရာ တောအုပ်ဂနိုင်သည် ယခုအခါ လူနေရွာ၏ နာမည်ဖြစ်လျက် “တနွိုင်ထော့ရွာ”ဟု ထင်ကျန်လျက်ရှိသည်။
ရွှေဝက်ဂူဘုရား
ဤမွေတော်ဓာတ်မြတ်ကျော်စေတီ တည်ရှိရာနေရာတွင် ရွှေဝက်များ နေထိုင်သော ဂူရှိလေသည်။ ဂူမှာရှိသော ရွှေဝက်သည် ညအခါ စေတီဘုရားအား စောင့်ရှောက်လေ့ရှိသည်။
ရွှေဝက်၏ ကြည့်ရှုစောင့်ရှောက်မှုကြောင့် စေတီဘုရားကို ဖျက်ဆီးမည့် လူဆိုးများ မကောင်းသော လူများ၊ ရွှေဝက်ကို ကြောက်ရွံ၍ ဘုရားအနီးသို့ မကပ်ရဲပေ။ ဤသို့ ရွှေဝက်များ နေထိုင်သော ဂူအနီးတွင်ရှိသဖြင့် ရွှေဝက်ဂူဘုရားဟုလည်း ခေါ်ဆိုကြကြောင်း ရှေးဟောင်း ပအိုဝ်းပုရပိုက်စာတွင် ရေးသားဖော်ပြခဲ့သည်။
ဝက်မင်းနန်းတော်
ဤကက္ကူ မွေတော်ဓာတ်မြတ်ကျော် စေတီအား လိမ္မာသော ရွှေဝက်များကပင် တိရစ္ဆာန်ဘ၀နှင့် မမျှအောင် ထိန်းသိမ်း၊ စောင့်ရှောက်လိုသော စေတနာသဒ္ဓါတရား နိုးကြား၍ တန်ခိုးကြီး စေတီဘုရား ဖြစ်ခဲ့သည်။ အကြီးအကဲဖြစ်သော ရွှေဝက်များ၏ ကျေးဇူးတရားကို သိမြင်၍ လူတို့က စေတီဘုရားအနီးတွင် နေရာပေး၍ ၀က်မင်းစံရာ နေအိမ်ကို တည်ဆောက်ပြီး ထားပေးသည်။
စေတီအား ကပ်လှူပြီးသော ဆွမ်းတော်စာများကိုလည်း ၀က်မင်းစားသောက်နိုင်ရန် ၀က်မင်းစံရာ နေအိမ်တွင် စွန့်ပစ်ပေး ကြသည်။ စေတီဘုရားကို အမှီပြု၍ ရွှေဝက်များသည် စေတီဘုရားမှ စွန့်ပစ်ထားသော ဆွမ်းတော်စာဖြင့် အစာအာဟာရမျှတပြီး ပျော်ရွှင်စွာ နေထိုင်ကျက်စား ကြသည်။
ဝက်မင်းမရှိသည့် နောက်ပိုင်းတွင်လည်း ရွှေဝက်မင်းရုပ်ထုပြုလုပ်ပြီး တည်ထားရသည်။ ဘုရားမှစွန့်ပစ်သော ဆွမ်းတော်စာ များကိုလည်း ပြုမြဲတိုင်းပြုလုပ်၍ ရွှေဝက်စာ ကျွေးကြသည်။ စားနိုင်သည့် ရွှေဝက်တို့ မရှိတော့၍ စွန့်ပစ်ထားသော ဆွမ်းတော်စာများမှာ ပုပ်သိုးပျက်စီးပြီး မကောင်းသော အနံ့အသက် အညစ်အကြေးများ ဖြစ်သွားကာ စေတီဘုရားနှင့် မသင့်လျော်တော့ချေ။ သို့ဖြစ်၍ ၀က်မင်း စံအိမ်နေရာနှင့် ရွှေဝက်ရုပ်ထုကို ဖျက်ဆီးကာ မထားရှိတော့ဘဲ နေခဲ့ကြသည်။
ထိုအချိန်မှစ၍ တစ်နှစ်(၂)ကြိမ် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပပြုလုပ်တိုင်း ပွဲတော်မှာ အေးချမ်းတည်ငြိမ်ခြင်း မရှိဘဲ တစ်စုံတစ်ရာကို ထိတ်လန့် စိုးရိမ်မှုများ ရှိနေခဲ့ကြသည်။ အချို့သော လူကြီးသူမတို့၏ တင်ပြချက်အရ ၀က်မင်းနန်းတော်နှင့် ရွှေဝက်ရုပ်ထုကို ပြန်လည်တည်ထားသည့် အခါမှသာ ပွဲတော်မှာ ထိတ်လန့်စိုးရိမ်မှု ကင်းပြီး ပြန်လည်စည်ကား၍ အေးချမ်းတည်ငြိမ် ပျော်မွေ့ နိုင်ခဲ့ကြသည်။
သက်တူဘုရား
ခရစ်နှစ် ၁၈၁၆ ခုနှစ်တွင် ရေးကူးသော အမည်မသိ ကျမ်းပြုဆရာ တစ်ဦးရေးသားသည့် နရပတိစည်သူ သမိုင်းစာပေတွင် ကက္ကူဘုရားသမိုင်း အကြောင်းပါဝင်သည်။
ခရစ်နှစ် (အေဒီ ၁၁၇၄-၁၂၁၁)တွင် စိုးစံသော ပုဂံမင်းဆက်များအနက်မှ နရပတိစည်သူမင်းသည် နိုင်ငံတော်ဖွိ့ဖြိုး တိုးတက်ရေးအတွက် ဆည်မြောင်း၊ ချောင်းကန်များ တည်ဆောက်ခြင်း၊ သာသနာတော် အဓွန့်ရှည်စွာ သန့်ရှင်းတည်တန့် ပြန့်ပွားရေးအတွက် စေတီဘုရား၊ ကျောင်းကန်၊ သိမ်၊ ဂူဘုရားများကို တည်ထားကိုးကွယ်ခြင်းတို့ကို ဆောင်ရွက်တော်မူသဖြင့် ထင်ရှားသော မင်းတစ်ပါးဖြစ်သည်။
နိုင်ငံတော်အတွင်း သိင်္ဂနက်ဖောင်တော်ဖြင့် တိုင်းခန်းလှည့်လည်ရာမှ နရပတိစည်သူ မင်းကြီးသည် တဘက်ချောင်းသို့ ရောက်ရှိလာပြီး သာယာမွေ့လျော်ဖွယ်ရှိသော ချောင်းနားကုန်းထိပ်ကို မြင်တော်မူလျှင် စေတီဘုရား တည်ထားကိုးကွယ်လိုသော ဆန္ဒဖြစ်ပေါ်လာ၍ ဖောင်တော်ကို ဆိုက်ကပ်စေပြီးလျှင် ဌာပနာတိုက်ကို သံတောင်လေးဆယ့်ငါးတောင် အစောက်တူးစေပြီးမှ ရတနာကျောက်မျိုး သုံးဆယ့်ခြောက်ပြည်၊ ဓာတ်တော်၊ မွေတော်နှင့်တကွ ဌာပနာ သွင်း တော်မူသည်။ တစ်ဆယ့်နှစ်တောင် အမြင့်ရှိသော ကြီးစွာသော ကျောက်ဖြာကိုယူ၍ လုံခြုံစွာ ဌာပနာတိုက်ကို ပိတ်ဖုံးစေသည်။ ထို့နောက် သံတောင် ခြောက်တောင်၊ နှစ်မိုက်နှစ်သစ်၊ ဉာဏ်တော် ပမာဏရှိ စေတီဘုရားကို တည်ထားတော်မူခဲ့သည်။
ဤမည်သော စေတီမြတ်သည်ကား ငါ၏အသက်နှင့် အတူပင် ဖြစ်တော့ သည်ဟု နရပတိစည်သူမင်းကြီး မိန့်ဆိုသော စကားကိုလိုက်၍ “သက်တူမြတ်စွာဘုရား” ဟူ၍ အမည်တော်ကို သမုတ်ပညတ် ထားတော်မူခဲ့လေသည်။ တပေါင်းလဆန်း တစ်ဆယ့်လေးရက်နေ့ တည်၍ ပြီးစီးတော်မူသည်။ ၎င်းလပြည့်ကျော် ငါးရက်နေ့တွင် ထီးတော်တင် တော်မူသည်။
နရပတိစည်သူမင်းကြီး တည်ထားတော်မူ ပြီးသည့်နောက် အနှစ်တစ်ဆယ့် တစ်ခုနှစ် ရောက်လျှင် ဇမ္ဗူရာဇ်ရွှေစင် အဆင်းနှင့်တူသော ရောင်ခြည် တော်မြတ် ပြတော်မူသောကြောင့် ဘုန်းပညာရှိသော ယောက်ျားမြတ်တို့ တွေ့မြင်၊ ဖူးမြော်ရသောကြောင့် နောက်ထပ် တည်ထားတော်မူခဲ့ပြန်သည်။ ညဥ့်အခါတွင် ရွှေဝက်ကူးလာသောကြောင့် ရွှေဝက်ကူးဘုရားဟူ၍ နောင်တွင်သမုတ် တော်မူပြန်သည်။
ထို့နောက် နရပတိစည်သူ မင်းကြီးသည် ဖောင်တော် တစ်သိန်းသားနှင့်အတူ ဆန်တက်တော်မူလေသော် လင်းလင်းရှိရာ အရပ်သို့ ရောက်တော်မူပြီးမှ နောက်သို့ပြန်၍ လှည့်ကြည့်တော်မူလျှင် ငါ၏ သက်တူမြတ်စွာဘုရားသည်ကား နောက်မှာကျန်ရစ်ခဲ့လေပြီ၊ ငါသည်လွန်၍ ရောက်သွားလေပြီဟု မင်းကြီးဆိုသော စကားကိုလိုက်၍ နောက်လွန်အရပ်ဟူ၍ သမုတ် တော်မူခဲ့သည်။
ယခုအခါ ရှမ်းဘာသာဖြင့် ပင်လွန်ဟူ၍ တွင်လေသည်ဟု နရပတိစည်သူ သမိုင်းတွင် မွေတော်ကက္ကူဘုရားနှင့် စပ်၍ ရေးသားဖော်ပြထားသည်။




Recent Comments